ဒင်္ဂါး နှစ်ဖက်သို့ 
အတွေ့ အကြုံအရေးကြီးလား ပညာတက် (သို့ )ပညာရှင် ဖြစ်ဖို့ အရေးကြီးလား ဆိုတဲ့မေးခွန်းကို ကျွန်မ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ရင်မှာ အကြိမ်ကြိမ်လာရိုက်ခတ်ပါတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်တန်းတစ်ခုမှာ အတူတက်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က စာအုပ်တစ်အုပ် အကြောင်း ဆွေးနွေးရာမှ နည်းနည်းအစပေါ်လာသော အရာဖြစ်သည်။ သူက ကျွန်မကို မေးခဲ့ပါတယ်။
” နင် ရောဘတ်ကီယိုဆာကီ (Robert Kiyosaki) ရေးတဲ့ မြတ်ငြိမ်း စတဲ့ စာရေးဆရာအတော်များများ ဘာသာပြန်ထားတဲ့ ဆင်းရဲ ဖေဖေ ချမ်းသာဖေဖေ (Rich Dad Poor Dad) စာအုပ် ဖတ်ပြီးပြီလား ” တဲ့။
ကျွန်မကလည်း “အိမ်မှာ စာအုပ်အသေးလေး ရှိပါတယ် ဒါပေမယ့် သိပ် နားမလည်ဘူး” လို့ ဝန်ခံလိုက်ပါတယ်။
” ဒါဆို နင်အဲသည့်စာအုပ်ကို သေချာပြန်ဖတ်ကြည့် တကယ်ရေးထားတာ သာမန်အားဖြင့်တော့ ဖတ်ရင် အဖေနှစ်ယောက်ရှိကြောင်းအပြင် ထူးမှာမဟုတ်ဘူး။ တကယ်တော့ သူ့ အဖေအရင်းဟာ တကယ့်ကို ပညာတက် ပညာရှင်ဖြစ်ပြီး ဆင်းရဲသွားတယ်၊ သူ့ သူငယ်ချင်းရဲ့ အဖေကတော့ ပညာတက်မဟုတ်ပေမယ့် လက်တွေ့ လုပ်လို့ အောင်မြင်ကြီးပွားချမ်းသာသွားလို့ သူ့ မွေးစား အဖေအဖြစ် ချမ်းသာတဲ့အဖေနည်းအတိုင်း လက်တွေ့ သင်ယူကြိုးစားခဲ့လို့ ရောဘတ်ကီယိုဆာကီဟာ အလွန်အောင်မြင်ခဲ့တယ် ၊ နင်သေချာ ဖတ်ကြည့်လိုက်ပါ။ တကယ့်ကို မှတ်သားဖို့ ကောင်းတယ် ” ပြောပြီး စာအုပ်ကို ထပ်ဖတ်ဖို့ ညွှန်းဆိုခဲ့ပါတယ်။
သူငယ်ချင်းပြောမှ စာအုပ်ကို သေချာဖတ်ကြည့်တော့မှ သူပြောတဲ့ Theme တကယ်ရသွားပါတယ်။ သူငယ်ချင်းပြောတဲ့ ရောဘတ်ကီယိုဆာကီအကြောင်းကို ထပ်ပြီးပိုသိချင်လို့ သူရေးတဲ့ စာအုပ်တွေ သူ့ ရဲ့ ဘ၀ဇာတ်ကြောင်းတွေ သူကိုယ်တိုင်ဟောခဲ့တဲ့ ဟောပြောပွဲ အခွေကို သေချာနားထောင်ကြည့်မှ သူ့ ဘ၀မှာ ဆင်းရဲတဲ့ ဖခင်ရယ်၊ ချမ်းသာပြီး သေချာ စံယူခဲ့တဲ့ မွေးစားဖခင်ကြောင့် သူအောင်မြင်ခဲ့ပါတယ်။ သူ့ ဘ၀အတွေ့ အကြုံတွေက အားကျစရာကောင်းသလို ပညာတက်ပြီးဆင်းရဲတဲ့ ဖခင်ရင်း ဖြစ်စေချင်သလို ပညာယူခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ Top Ten Best seller စာရေးဆရာအဆင့်ဝင်ပြီး အကြာကြီး ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့ ဖခင်ဆင်းရဲခဲ့တာကို မြင်ပြီး သူ့ လို မဖြစ်ရလေအောင် ဂျပန်-အမေရိကန် ကပြားအဖြစ် ဟာဝိုင်ယီကျွန်းကနေ မီလျံနာအဆင့်ချမ်းသာခဲ့အောင် လုပ်ပြနိုင်သူပါ။
စာအုပ်ဖတ်ပြီးကတည်းက စဉ်းစားကြည့်နေပါသည်။ လက်တွေ့ နယ်ပယ်ထဲမဆင်းပဲနဲ့ (Academic) ပညာရှင်သမားများတွေဟာ ပညာရပ်ဆိုင်ရာ နယ်ပယ်များမှာ စာတွေ့ သက်သက်သာ ရှိနေတာများသည့်အတွက် ဘယ်လိုမှ မအောင်မြင်နိုင်ပါ။ စာတွေ့ နဲ့ လက်တွေ့ ပေါင်းရမယ် ဆိုတဲ့ စကားကို လက်ကိုင်ထားတဲ့ ပညာရှင်များကိုလည်း လေးစားစွာ တွေ့ ရပြီး သူတို့ ကိုယ်တိုင်အောင်မြင် နေတာကိုလည်းတွေ့ ရပါတယ်။ အတော်များများ စာရေးဆရာများမှာ ပညာရှင်အဆင့်တွေ့ ရပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုလျှင် ကျွန်မတို့ မြန်မာစာရေးဆရာလောကမှာ စာရေးဆရာအများစုမှာ ဆင်းရဲပါတယ်။ တကယ့်ကို အောင်မြင်တဲ့ ထိပ်တန်းစာရေးဆရာဆိုမှ လက်ဖျားငွေသီးပါတယ်။ ကျန်တဲ့ နာမည်ရ စာရေးဆရာများအတွက် စာမူခမှာ အတော်နည်းပါးပြီး မပြောပလောက်သော စာမူခက အတော်ကသိကအောက်နိုင်လှပါတယ်။ ဒီကိစ္စမျိုးမှာ အဘက်ဘက်ကနေ အများကြီး မြှင့်တင်ဖို့ လိုပါတယ်။
လက်တွေ့ မှာမအောင်မြင်သော Academic ပညာရှင်တို့ အများစုမှာ အတွေးအခေါ်အယူအဆ အမှားအမှန် အကြောင်းအကျိုးအပေါ်တွင် ရှိသည်။ လက်တွေ့ အတွေ့ အကြုံမရှိသောအခါ သင်ထားရသော သီအိုရီနှင့်စာများသည် သဲထဲရေသွန်ဖြစ်ရသည်။ ခေတ်အခြေအနေ အပြောင်းအလဲနှင့် သင်ထားခဲ့ရသော ပညာရှင်များ၏ စာများနှင့် ထပ်တူညီမှု မရှိပါက ပညာရှင်တို့ သည် ခေတ်အပြောင်းအလဲဒဏ်ကို ဘယ်လိုမှ အမှီလိုက်နိုင်စွမ်း မရှိသောကြောင့် ကျရှုံးကြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ ပညာရှင်တွေဘက်က စာတွေ့ ကသက်သက် ၊ တကယ်လုပ်နေတဲ့ သူတွေ လက်တွေ့ က သက်သက် ဖြစ်နေလို့  အစစအရာရာ မအောင်မြင်တာဟု စာရေးဆရာ တစ်ယောက်က ပြောဖူးပါတယ်။ ပညာရှင်များနှင့် လက်တွေ့  နယ်ပယ်အသီးသီးမှာ လုပ်ဆောင်သူများ မပေါင်းစပ်နိုင်သေးတာ အတော်များပါသည်။
ထို့ ကြောင့် ဘာသာရပ်နယ်ပယ်အသီးသီးတွင် အလွန်နောက်ကျ ကျန်ရစ်နေတာ တွေ့ ရပါတယ်။ စာတွေ့ နဲ့ လက်တွေ့ တကယ် ပေါင်းစပ်နိုင်မှ ရလဒ်ကောင်းများ ပေါ်လာနိုင်ပါတယ်။
ကျွန်မတွေ့ ကြုံခဲ့ရတဲ့ လုပ်ခဲ့ဖူးတဲ့ကုမ္ပဏီတစ်ခုမှာလည်း လက်တွေ့ လုပ်ငန်းလုပ်လာလို့ အောင်မြင်ခဲ့တဲ့ ရှစ်တန်းပညာလောက်သာသင်ခဲ့ရတဲ့သူဌေးဟာ သူ့ ကုမ္ပဏီကို အုပ်ချုပ်ရာမှာ ရှေးကျတဲ့ အုပ်ချုပ်ပုံစနစ်နဲ့ အုပ်ချုပ်လို့ တကယ့်လက်ရှိခေတ်သစ် စီမံခန့် ခွဲမှုနဲ့  ဘယ်လိုမှ အံမ၀င်ပဲ လုပ်ငန်းလုပ်ရာမှာ ၀န်ထမ်းတွေ အတွက် အတော်ကသိကအောက်နိုင်ပါတယ်။ ကုမ္ပဏီဟာ အများကြီး ဆက်တိုးတက်မယ့်အစား ထိုက်သင့်သလောက်သာ အောင်မြင်ပါတော့တယ်။
တကယ်လည်း ဟုတ်ပါတယ်။ လက်တွေ့ အောင်မြင်နေသော ရှစ်တန်းပညာလောက်သာ သင်ဖူးသော လုပ်ငန်းရှင်မှာ Master Degree ဘွဲ့ ရ ပညာတက်ကို အလုပ်မှာခေါ်ယူခိုင်းနိုင်တာကို ကျွန်မကိုယ်တိုင်မြင်လိုက်ရပါတယ်။ ပညာရှင်ပညာတက်တွေ အနှိမ်ခံရသော ဘ၀လား ရုတ်တရက် စဉ်းစားမိကောင်း စဉ်းစားနိုင်ပါသည်။ လက်တွေ့ ကြီးပွားအောင်မြင်အောင် ထိုရှစ်တန်းပညာလောက်နှင့် အောက်ခြေသိမ်းအိတ်ထမ်းဘ၀မှ တကယ်လည်း အောက်သက်ကျေကာ ရိုးသားကြိုးစားခဲ့လို့ ဆိုတာ ရုတ်တရက်ကြည့်လျှင် သာမန်လူများ မသိနိုင်ပါ။
ပညာတက်ပညာရှင်များ မျက်နှာငယ်ရသလို ခံစားနိုင်သော်လည်း တကယ့်လက်တွေ့ မှာ ပညာရှင်များလေ့လာရှာဖွေ ဖော်ထုတ်ကြသည်များမှာ သူတို့ လေ့လာတွေ့ ရှိသမျှ ရှေးက အတွေ့ အကြုံပေါင်းများစွာ လေ့လာစမ်းစစ်ချက်များပေါ်အခြေခံလို့  ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေပါက ပညာရှင်များမှာ လက်တွေ့ နယ်ပယ်မှာ အလွန် တန်ဖိုးရှိလှပါတယ်။ ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်းဟာ တကယ့်ကို တန်ဖိုးရှိပါတယ်။
ပညာရှင်များရဲ့ ရှာဖွေတွေ့ ရှိချက်များဟာ (R &D) သုတေသနဖွံဖြိုးတိုးတက်မှုများပေါ် အခြေခံပြီး ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲ ရှာဖွေ အားထုတ် လေ့လာနိုင်မယ်ဆိုရင် အဖိုးမဖြတ်နိုင်တော့ပါ။
ဒေါက်တာ မောင်မောင်စိုးရေးသားထားတဲ့ အဓိက စီးပွားရေး အိုင်ဒီယာများ စာအုပ်မှာ အတွေ့ အကြုံပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး နဲ့ စီးပွားရေးပညာရှင် တို့ အကြောင်း ရေးထားတာ အလွန်မှတ်သားဖို့ ကောင်းလို့ မျှဝေလိုက်ပါတယ်။
တစ်ခါတုန်းက နိုင်ငံခြားမှာ ပြုလုပ်သည့် စီးပွားရေးအကြောင်းအရာ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုတွင် စီးပွားရေး ပညာရှင် အတော်များများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့ သည်လည်း တက်ရောက်ကြပါသည်။ ထိုဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးသည် သူ၏ စီးပွားရေး အတွေ့ အကြုံတစ်ခုကို တင်ပြပါသည်။ ဈေးကွက်၌ အခြေခံ စားသုံးကုန်စည်တို့ ၏ ဈေးနှုန်းကိန်း (CPI= Consumer Price Index) နှင့် ငွေဖောင်းပွမှုနှုန်း ( Inflation rate) မည်မျှ အထိ ဆက်စပ်ကြောင်းကို သူကောက်ယူထားသည့် စာရင်းဇယားများနှင့် တင်ပြလာပါသည်။ သူ၏ စာရင်းများအရ တစ်နှစ်လျှင် Inflation Rate 14% နှင့် မှန်မှန်ကြီး တိုးလာရာ (၅) နှစ်အတွင်းမှာပင် စားသုံးကုန်စည်တို့ ၏ ဈေးနှုန်းမှာ နှစ်ဆဖြစ်လာကြောင်း စာရင်းဇယားများနှင့် တင်ပြသွားသည်။ စီးပွားရေးလုပ်ငန်းရှင် အတော်များများက သူ၏ ကြိုးစားမှုအတွက် ဝေဖန်ချီးကျူးကြသည်။ ဟုတ်လည်း ဟုတ်ပါသည်။ အပင်ပန်းခံပြီး ကောက်ယူထားသည့် စာရင်းတွေမှ တင်ပြထားခြင်း ဖြစ်သည်။ စီးပွားရေး ပညာရှင်တွေ (Academics) ဘက်ကမူ သိပ်မလှုပ်ကြပါ။ အကြောင်းတစ်ခုခု ရှိရပေမည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးက ရိပ်မိပါသည်။
ထို့ ကြောင့် ပညာရှင်များဘက်သို့ လှည့်ပြီး ” လူကြီးမင်းတို့ ဘာပြောစရာများ ရှိပါသလဲ” ဟု ဖိတ်ခေါ်လိုက်သည်။ ထိုအခါတွင် စီးပွားရေးပညာရှင်တစ်ဦးက ” လူကြီးမင်းခင်ဗျား ‘ Rule of 70 ‘ ကို သိပါသလားခင်ဗျား ” ဟု မေးလိုက်ပါသည်။ သည်အခါမှာ လုပ်ငန်းရှင်ကြီးက ရိုးရိုးသားသားနှင့်
” မသိပါဘူး” ဟု ပြန်ဖြေလိုက်သည်။ ထို့ နောက် ” ကျွန်တော် တင်ပြထားတာနဲ့ ဘယ်လို ပတ်သက်နေပါသလဲ” ဟု မေးရာ ” Rule of 70 ” သဘောကတော့ (၇၀) ကိုတည်၊ ရှိတဲ့ Inflation Rate နဲ့ စား၊ ရတဲ့ ရလဒ်ကတော့ အခုဖြစ်နေတဲ့ ဈေးနှုန်းတွေ၊ နောင်ဘယ်နှစ်နှစ်မှာ ဘယ်နှစ်ဆဖြစ်မယ် ဆိုတာကို ပြခြင်းပဲ ဖြစ်ပါတယ် ” ဟု ဆိုသည်။ ဆိုလိုသည်မှာ Inflation Rate က ၁၄ %၊ ၎င်းကို (၇၀) အခြေတည်ပြီး ၁၄% နဲ့ စားလိုက်လျှင် အဖြေမှာ (၅)ရရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုငွေဖောင်းပွမှု နှုန်းနှင့်သာ သွားလျှင် (၅) နှစ်အတွင်း ရှိသည့် ဈေးနှုန်းများ နှစ်ဆဖြစ်သွားသည် ဆိုသည့်သဘောဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ထို ” Rule of 70 ” စီးပွားရေးအိုင်ဒီယာသဘောကို နားလည်မည်ဆိုလျှင် စကားတွေ အများကြီး၊ ကိန်းဂဏန်းတွေ တစ်ပြုံကြီးနှင့် အချိန်ကုန်ခံပြီး ပြောစရာ မလိုတော့ပါ။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေး စီးပွားရေး လူမှုရေးနယ်ပယ် အသီးသီးတွင် လက်တွေ့ လုပ်ဆောင်နေသူများနှင့် ပညာရှင် အသိုင်းအ၀ိုင်းသည် ခွဲခြားမရသော ဒင်္ဂါးပြားသဖွယ်ဖြစ်သည်။ ခေါင်းနှင့်ပန်း သဖွယ်ဖြစ်နေသော အလှည့်ဝယ် နှစ်ဖက်ကို ယတိပြတ်ခွဲခြားထားသော်လည်း နှစ်ဘက်ပေါင်းမှ ရသော တကယ့်တန်ဖိုး ဒင်္ဂါးတစ်ခုတော့ ရှိနေမည် ဖြစ်ပါတော့သည်။
မြလေးသျှင်
စာညွှန်း။ ။ (၁) မြတ်ငြိမ်း – ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း
(၂) ညီညီနိုင်- ချမ်းသာစေချင်လွန်းလို့ ပါ။
(၃) ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ) -အဓိက
စီးပွားရေးအိုင်ဒီယာများ
(MMG စာအုပ်အမှတ်တရ )
No comments:
Post a Comment