Wednesday, October 29, 2008

ဦးဆောင်ခြင်းသည် ခေါင်းဆောင်မဟုတ်

Written by နေဇင်လတ်


အပြိုင်အဆိုင်များခြင်း၊ စိန်ခေါ်မှု မြင့်မားလာခြင်းများသည် ၂၁ ရာစု၏ ထင်ရှားသော လက္ခဏာရပ်များ ဖြစ်သည်။ ဤသည်တို့ကို ရင်ဆိုင်နိုင်ရန် ခေါင်းဆောင်မှု ပြဿနာသည်လည်း တစ်မုဟုတ်ချင်း ရှေ့တန်းရောက်လာသော ကိစ္စတစ်ရပ် ဖြစ်လာသည်။ ရှေးကနှင့်မတူ ခေါင်းဆောင်မှုကို တန်ဖိုးထားတတ်လာကြသည်။ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မြတ်တို့ကိုလည်း အပူတပြင်း ရှာဖွေကြသည်။ တိုးတက်ပြီး နိုင်ငံများနှင့် ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတချို့တို့တွင် Head Hunter ခေါ် ခေါင်းဆောင်ရှာဖွေရေး အဖွဲ့အစည်းများ ထူထောင်ပြီး လုပ်ငန်းကြီးတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထက်မြက်သည့်ခေါင်းဆောင်ရှာဖွေခြင်းကို Head Hunter ဟုခေါ်ပြီး အလွန်ခေတ်စား လာသော ဝေါဟာရတစ်ခုလည်း ဖြစ်ပါသည်။

ခေတ်သစ်စီမံခန့်ခွဲရေး (Modern Management) ပညာရပ်တွင် ရှေးယခင်ကလို ဦးဆောင်သူနှင့် ခေါင်းဆောင်သူကို အတူမထားတော့ဘဲ တိတိကျကျ ခွဲခြားပစ်လိုက်သည်။ ဦးဆောင်မှု ကို Leading ဦးဆောင်သူကို Leading Person ဟူသော အဆင့်ဖြင့်သာ ထားရှိပြီး ခေါင်းဆောင်ကိုမူကား Leader သူ၏ခေါင်းဆောင်မှုကို Leadership ဟု အတိအကျ အဓိပ္ပာယ်ဖော်ညွှန်း ခွဲခြားသတ်မှတ်လိုက်နိုင်ခဲ့သည်။ Leading နှင့် Leader သည် ယခင်က အမြွှာညီအစ် ကိုကဲ့သို့ ဆင်တူရိုးမှား ဖြစ်ခဲ့သော်လည်း ယခုအခါ ဇာတ်ဆောင်နှင့် ဇာတ်ပို့အဖြစ် အတိအကျ ကွဲကွာသွားကြချေပြီ။

အဖွဲ့အစည်းများကို လူတိုင်း ဦးဆောင်ကြသော်လည်း ခေါင်းဆောင် အစစ်မဟုတ်ကြချေ။ အိမ်ထောင်တစ်ခုတွင် ဖခင်သည် ဦးဆောင်သူဖြစ်သော်လည်း ဖခင်တိုင်းကား ခေါင်းဆောင်ကောင်း မဟုတ်ကြချေ။

“စား၊ ၀တ်၊ နေ၊ ရေး ပြေလည်အောင် ငါရှာပေးတာပဲ တာဝန်ကျေပြီ” ဟူသောဖခင်များ အများအပြား တွေ့ဖူးကြပေလိမ့်မည်။ ထိုဖခင်မျိုးသည် ဦးဆောင်သူအဖြစ်ကား မငြင်းလိုသော်လည်း ခေါင်းဆောင်အဖြစ်ကား အပြည့်အ၀ ထောက်ခံရန် မဖြစ်နိုင်ချေ။ တာဝန်နှင့်ဝတ္တရား နှစ်မျိုးလုံးကို ထမ်ဆောင်နိုင်ပြီး အနာဂတ်အတွက် အာမခံချက်ရှိသော ဦးဆောင်သူမျိုးသာ ခေါင်းဆောင်အစစ်အမှန် ဖြစ်သည်။ အဓိကကွဲပြားချက်မှာ ခေါင်းဆောင်များတွင် Commitment ဟူသော အာမခံချက်နဲ့ Result ဟူသော ရလဒ်က အရည်အချင်းတစ်ရပ်အဖြစ် ပါဝင်သည်။ ခေါင်းဆောင်သည် ရလဒ်အခြေပြု ဦးဆောင်သူ Result Oriented Leading ဖြစ်သည်။ ဦးဆောင်သူကား အလုပ်အခြေပြု Task Oriented Leading ဖြစ်သည်။ ရလဒ်အတွက် အာမမခံချေ။

ဦးဆောင်သူဖခင်ဘ၀မှ ခေါင်းဆောင်သူဖခင်ဘ၀သို့ ပြောင်းလဲလာနိုင်ရန် စား၊ ၀တ်၊ နေ၊ ရေးတည်းဟူသော အရေး ၃ ပါးသည် ယခုခေတ်တွင် မလုံလောက်တော့ချေ။ ကောင်းစွာ ပညာ သင်ကြား ပေးနိုင်မှု၊ ကျန်းမာရေး၊ လူမှုရေး၊ ဘ၀အာမခံချက်၊ ထောက်ပံ့မှု စသော အခြားအရေးကြီးငယ်များစွာ ပါဝင်လာမှ ခေါင်းဆောင်ဖြစ်သော ဖခင် ဖြစ်လာပေမည်။

ဈေးကွက်စီးပွားရေး အင်္ဂါမစုံသေးသော မြန်မာ့စီးပွားရေးလောကတွင် အဖွဲ့အစည်းတစ်ခုကို ရှေ့မှ အမိန့်ပေးနေသော သူအား ဦးဆောင် သူလား၊ ခေါင်းဆောင်အရည်အချင်း ပြည့်စုံသော သူလားဟူသည်ကို ခွဲခြားသိနိုင်သော အတတ်ပညာရှိပါမှ ကိုယ့်အလှည့်ကျ ခေါင်းဆောင်၏ အရည် အချင်းများကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ခြင်းဖြင့် ကြီးပွားသည်ဟု မြင်သာသော်လည်း နှစ်ချုပ်၍ (ရသင့်သော) အကျိုးအမြတ်မရလျှင် အရည်အချင်း ပျက်ယွင်းသည်။ လုပ်ငန်းလည်းတိုးတက်၊ အကျိုးအမြတ်လည်းရသော်ငြား အဖွဲ့အစည်းအရည်အသွေးကို တိုးတက်အောင် မစွမ်းဆောင်နိုင်ပါကလည်း ခေါင်းဆောင်ကောင်းဟုယူဆ၍မရ၊ များသောအားဖြင့် စာရွက်ပေါ်မှ အပေါင်းလက္ခဏာပြသော ကိန်းဂဏန်းတို့တွင်သာ ဦးဆောင်သူအများစုက ကျေနပ်နှစ်သိမ့်တတ်ကြသည်ကို သတိထားမိသည်။ အဖွဲ့အစည်းတွင်းပါဝင်သူများ အရည်အသွေး အမြဲတိုးတက်ပါမှ နောင်အနာဂတ်တွင်လည်း ယှဉ်ပြိုင်နိုင်မည်ကို မေ့လျော့တတ်သည်။

ခေတ်သည် လှည်းခေတ်၊ လှေခေတ် မဟုတ်တော့။ အစွမ်းထက်သော နည်းပညာချင်း စီးချင်းထိုးသော ခေတ်ဖြစ်လာခဲ့ချေပြီ။ ခေါင်းဆောင်ပိုင်းကလည်း သိမ်မွေ့ထက်မြက်သော မဟာဗျူဟာချင်း ပြိုင်ဆိုင်နေရသော ခေတ်ဖြစ်လာချေပြီ။ ခေတ်နှင့် အသားတကျမရှိပါက ခေတ်ကို မျက်ခြည်ပြတ်ပါက ခေါင်းဆောင်ကောင်းဖြစ်မည် မဟုတ်။ ကိုယ့်နေရာ၊ ကိုယ့်အဖွဲ့ အစည်းကလေးမျှကိုသာ ဦးဆောင်သူ ဖြစ်ချေမည်။ Globalization ဆိုသည်မှာ ကမ္ဘာဆန်ခြင်းဟူသော အဓိပ္ပာယ်ရပြီး ကမ္ဘာ့စံနှုန်းများကို လိုက်ပါနိုင်ပါမှ ရှင်သန်မှုနှင့် တိုးတက်မှုကို ရနိုင်မည် ဖြစ်သည်။ ယနေ့အပြောများသော IT သည် ကမ္ဘာဆန်မှုမှ ၀ိသေသတစ်ခုဖြစ်ပြီး အင်တာနက်ခေတ်တွင် ခြေလျင်ခရီးဖြင့် စာပို့၍ ခရီးမရောက်နိုင်တော့ချေ။ IT ၏ ကျေးဇူးကြောင့် ကမ္ဘာ့နယ်နိမိတ်များ၊ ကျဉ်းမြောင်းလာကြပြီး World if Flat ဟူသော ကမ္ဘာပြားသွားပြီဟု တင်စားလာကြသည်။ ကမ္ဘာကြီးသည် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း မရှိတော့။ ယဉ်ကျေးမှုမှတစ်ပါး အရှေ့အနောက် ဟူ၍လည်း မရှိတော့ချေ။ ဤသို့သော အခြေအနေမျိုးတွင် ဦးဆောင်သူတို့ တစ်သားတည်း လိုက်ပါနိုင်မည်လား၊ မေးရန်မေးခွန်း ဖြစ်လာ၏။ အဖြေက မသေချာ၊ ခေါင်းဆောင်တွေရော ခေါင်းညိတ်တစ်ဝက်သာ ဖြစ်သည်။ ရလဒ်ကို အာမခံသော ခေါင်းဆောင်တို့တွင်ပင် ရလဒ်မည်မျှ ကောင်းကောင်းရနိုင်မည် ဟူသော ဒုတိယအမေးကို ရင်ဆိုင်ရန် ရှိပါသေးသည်။ ခေါင်းဆောင်တို့ပင် ထပ်မံမဆည်းပူးဘဲ ရပ်တန့်လျှင် နောက် တစ်လှမ်းချင်း ဆုတ်သွားရမည်ဖြစ်ရာ ဦးဆောင်သူတို့အတွက် နေရာ များများ စားစားကျန်မည် မဟုတ်ချေ။

ဤတွင် ထိရောက်သော ခေါင်းဆောင်များ ပေါ်လာတော့သည်။ စွမ်းရည်ထက်မြက်၍ ခေတ်နှင့် စနစ်ကို နိုင်နင်းသော ခေါင်းဆောင်ကောင်းများ ဖြစ်သည်။ လိုအပ်လျှင် ပြောင်းလဲနိုင်သော Transformational Leader များ ဖြစ်သည်။ Result based Leader လည်းဖြစ်သည်။ လုပ် အခြေပြု Tased based Leader ဖြစ်သော စွန့်ဦးတီထွင်သူ ခေါင်းဆောင် (Enterpreneurial Leader) များပင် နေရာမရှိချင်တော့။ စွန့်ဦးတီထွင်မှု အရည်အချင်းတစ်မျိုးတည်းကို အားကိုးမရဟု ဆိုလိုခြင်း ဖြစ်သည်။ ခေါင်း ဆောင်ကောင်းတို့တွင် Enterpreneurial Spirit ဟူသော တီထွင်လိုစိတ်တော့ အခြေခံအားဖြင့် ပါဝင်ရပေမည်။

ခေါင်းဆောင်မှုကို Alan Keith က

“Leadership is ultimately about creating a way for people to contribute to making something extraordinary happen” ဟု လိုတိုရှင်း အဓိပ္ပာယ်ဖော်ခဲ့သည်။ ခေါင်းဆောင်မှုဟူသည် အများ ပြည်သူကို သာမန်ထက်ပိုသော ဖြစ်ရပ်များပေးအပ်နိုင်ရန် အမြင့်ဆုံးလမ်း ကြောင်းတစ်ခု ဖန်တီးပေးခြင်းဟု နားလည်နိုင်သည်။ ခေါင်းဆောင်သည် အများကို ညွှန်ပြရာဖြစ်သည်။ နောက် လိုက်များ၏ အရည်အသွေးကို ဖြည့် ဆည်းပေးပြီး မိမိ၏ ကိုယ်ရည်ကိုယ်သွေးကိုလည်း အမြဲတစေ ထက်မြက်နေစေရန် ကြိုးစားသူလည်း ဖြစ်သည်။ မဟာဗျူဟာရေးဆွဲသူဖြစ်ပြီး နောက်ပါ တို့ကို လိုအပ်သော ပုံသွင်းနိုင်သူလည်း ဖြစ်သည်။

လူတော်များသာ မှန်ကန်သော ခေါင်းဆောင်များဖြစ်ခွင့်ရှိပြီး လူညံ့များကား ဦးဆောင်သူ ဖြစ်နိုင်ကြသည်။ အဖေက ငွေရှိ၍ တည်ထောင်ခဲ့သောကုမ္ပဏီတွင် သားက အရည်အချင်း မပြည့်ဝသော်လည်း ဦးဆောင်သူတော့ ဖြစ်နိုင်ပါသေးသည်။ ခေါင်းဆောင်ကား ဖြစ်မည်မဟုတ်ချေ။

နိုင်ငံများ၏ ECO ဟူသော ခေါင်းဆောင်များ၏ သက်တမ်းကို သုတေသီတို့က သုတေသနပြုကြ၏။ အချို့ပျမ်းမျှ သက်တမ်း ၅ နှစ်မျှရှိ၍ အချို့နိုင်ငံများ၌ နှစ်နှစ်သာ ကြာညောင်းတတ်သည်။ သူတို့ဆီမှ ကုမ္ပဏီများသည် Multinational ဟူသော နိုင်ငံတကာကုမ္ပဏီကြီး များဖြစ်၍ ခေါင်းဆောင်များကို လစာကောင်းကောင်းပေး၍ ငှားရမ်းကြသည်။ သက်တမ်းရှည်ကြာသူ အလွန်ရှားပါးသည်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ယနေ့တော် သော်လည်း သူ့ထက်တော်သောသူများ ပေါ်လာသောအခါ နေရာဖယ်ပေးရသည့်သဘောကို တွေ့နိုင်ပေမည်။ ကုမ္ပဏီအဖွဲ့အစည်းများ၏ အနာဂတ် အကျိုးကို မျှော်ကိုးကြည့်ရှုကြသည် ဖြစ်ရာ ခေါင်းဆောင်များအလွယ်တကူ သူတို့နေရာကို ၀မ်းသာအယ်လဲ ဖယ်ပေးတတ်ခြင်းသည် မထူးဆန်းသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ အရှေ့တိုင်းသားတို့တွင် အနည်းငယ်မျှသော နိုင်ငံမှ တစ်ပါး အများစုမှာ ဤယဉ်ကျေးမှု မရတတ်ကြသေးချေ။

ခေါင်းဆောင်ကောင်းရနိုင်ရန် နောက်လိုက်တို့ကလည်း ထိုက်သင့်သော အရည်အချင်းရှိရန် လိုသည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းကိုလည်း သိထားသင့်သည်။ ဘာဖြစ် ဖြစ်လက်ခံတတ်သော နောက်လိုက်တို့သည် ခေါင်းဆောင်ကောင်း မရတတ်ချေ။ အနောက်နိုင်ငံက အရှေ့ထက် သာသည့် အချက်တစ်ချက်မှာ သူတို့ ခေါင်းဆောင်ကို ဝေဖန်သုံးသပ်နိုင်ကြသော အရည်အချင်းပင်ဖြစ်သည်။ ခေါင်းဆောင်သည် လိမ်ညာဖြီးဖြန်း၍ တော်ရိလျော်ရိလုပ်၍မရ၊ လုပ်ခဲ့သမျှတို့ကို သုတသီတို့က မှတ်တမ်းတင်ထားတတ်ကြသည်။

အဆက်ဆက်တွင် တာဝန်ထမ်း ဆောင်လာကြသော အမေရိကန်သမ္မတ များ၏ အရည်အချင်းကို “စံနှုန်း” ဟူသောဘောင်ထဲထည့်သည့်အခါ

(6) Best Presidents

(1) George Washington

(2) Abraham Linconn

(3) Franklin Roosvett

(4) Thomas Jefferson

(5) Theodore Roosevett

(6) Ronald Reagan

(5) Worst Presidents

(1) Herbert Hooven

(2) Richard Nixon

(3) Zachary Taylor

(4) Jimmy Carter

(5) John Tyler

Great Presidents

(1) George Washington

(2) Abraham Linconn

(3) Franklin Roosvett

Failure

(1) Millard Fillmore

(2) Andrew

(3) Franklin Pierce

အတော်ဆုံး သမ္မတများတွင် သည်ဘက်ခေတ်မှ Ronald Reagan တစ်ဦးသာ ပါဝင်သည်။ အညံ့ဆုံး သမ္မတများတွင်မူ သည်ဘက်ခေတ်က သမ္မတနှစ်ဦး ပါဝင်သည်။ Nixon နှင့် Jimmy Carter တို့ဖြစ်သည်။ Nixon က Water Gate အရေးတော်ပုံဖြင့် နှုတ်ထွက်ပေးလိုက်ရပြီး Jimmy Carter လက်ထက်တွင် မူဝါဒမှားယွင်းမှုကြောင့် အာကသသမိုင်းတွင် ရုရုားတို့က အမေရိကန်ထက် နှာတစ်ဖျား သာသွားခဲ့ဖူးသည်။

သူတို့၏ သုံးသပ်ချက်တွင် ကြီးကျယ်သော Great သမ္မတများကို ရွေးချယ်ထုတ်ပြန်သည့်အပြင် သမ္မတ အရည်အချင်း မမီသူများကိုလည်း စာရင်းပြုစု၍ ထုတ်ပြန်ပါသေးသည်။

ဤသို့တုံ့ပြန်နိုင်မှုကြောင့် တိုး တက်သည်မှာ မဆန်းလှပေ။

ခေါင်းဆောင်ကောင်းတို့သည် နောက်လိုက်တို့ကို ပြုပြင်ရ၏။ ပြင်ပ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြို့ရွာ၊ အစုအဖွဲ့တို့၏ စည်ပင်ဝပြောမှုကိုလည်း ဆောင်ရွက်ရသည်။ အနာဂတ်ကိုလည်း အာမခံချက် ပေးရသည်။ ဥပဒေကိုလည်း လေးစားလိုက်နာရသည်။ အများကို ရင်ဝယ်သားကဲ့သို့လည်း သဘောထားရသည်။ ခေါင်းဆောင်ဖြစ်လျှင် ကိုယ့်အတွက် ဘာမှမရှိ၊ ကိုယ့်အတွက် သူတို့လုပ်နေကြသည် မဟုတ်တော့ဘဲ သူတို့အတွက် ကိုယ်လုပ်နေရခြင်းသာ ဖြစ်လာ၏။

ထိုသို့ဆောင်ရွက်ရန် အတွင်းပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ရသည်။ အတွင်းပြုပြင်ပြောင်းလဲမှုကပို၍ ခက်ခဲသည်။ မိမိ၏ ခံယူချက်၊ အတွေးအခေါ်၊ အနာဂတ်အမြင် စသော စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်တို့ကို ခေါင်းဆောင်တစ်ဦး အရည်အချင်းမီရန် ပြုပြင်ရသည်။ အခြားအတတ်ပညာ၊၊ အသိပညာတို့ကိုလည်း ဆည်းပူးရသည်။ ထို့ပြင် ခေါင်းဆောင်တစ်ဦးသည် အရာ အားလုံးကို မသိနိုင်၊ သိရန်လည်း မဖြစ်နိုင်။ လူတော်တို့ကို သုံးစွဲရဲသော သတ္တိလည်း ရှိရချေသည်။ ဆန့်ကျင်ဘက် စကား၊ အကြံဥာဏ်ဖြစ်ပါက ချင့်ချိန်၍ မျှတစွာ ဆုံးဖြတ်ရသည်။ အဆုံး အဖြတ်မှန်ကန်ရန် ပညာရှိရပေမည်။ဦးဆောင်သူဖြစ်ရန်ကား မခက်ခဲသော်လည်း မှန်ကန်သော ခေါင်းဆောင်ဖြစ်ရန်ကား မလွယ်ကူချေ။


နေဇင်လတ်

No comments: