Friday, August 7, 2009

Confession of the Economic Hitman

( Confession of the Economic Hitman ဆိုတဲ့ စာအုပ်ကိုဖတ်ရတော့ တော်တော် ကြက်သီးထသွားတယ်။ စီးပွားရေးသူလျှိုတစ်ယောက်ရဲ့ ဖြောင့်ချက်လို့ အမည်ပေးပြီး ရေးလည်းရေးဖြစ် သွားပါတယ်။ အဲဒီထဲမှာ နိုင်ငံတွေအသီးသီးမှာ ကော်ပိုရိတ်စနစ်ကို မသိမသာသွင်းတာ၊ ရိုးရိုးအမြစ်တွယ်တာမဟုတ်ဘူး။ အဲဒီနိုင်ငံရဲ့ အနာဂါတ်စီးပွားရေးတိုးတက်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေတွေ ထုတ်ချေးပြီး ကုန်ကျငွေတွေ ပြန်ယူသွားပြီး နိုင်ငံတွေကို နွံနစ်စေတာ၊ ပြောရင်တော့ ကမ္ဘာအဆင့် လိမ်နည်းတစ်မျိုးပဲ။အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရတော့ ဗိုလ်ချုပ်ကြီး ဆူကာနို တက်တယ် ။ သူက လက်ဝဲသမား၊ သိပ်မကြာဘူး။ ဗိုလ်ချုပ်ကြီး ဆူဟာတိုက အာဏာထပ်သိမ်းတယ် ။ သူ့ ကျတော့ လက်ယာသမား၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂါတ်စီးပွားရေး တိုးတက်နှုန်းကို (၁၁%) လောက်ဖြစ်အောင် နိုင်ငံခြားပညာရှင်တွေက ကန်းဂဏန်းအမှားတွေနဲ့ တွက်ချက်ပြီး စွမ်းအင်လိုအပ်ချက်ကို နှစ်စဉ် (၁၇%) တိုးတက်မယ်ဆိုပြီးတွက်လိုက်ကြတယ်။ ပြီးတော့ ကမ္ဘာ့ ဘဏ်လိုနေရာမျိုးက ငွေတွေချေးပြီး ပညာရှင်တွေ အသုံးပြုခ ကုန်ကျစရိတ်တွေ ပြန်နှုတ်ကြတယ်။ Over Estimation ဆိုတဲ့ ပိုပြီးတွက်ချက်ထားမှုကြောင့် မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေဆီ တကယ်အကျိုးမရှိဘဲ ရောက်သွားရော။ လူပြိန်းစကားနဲ့ ပြောရရင် ငါးကျပ်မြတ်မယ့်အလုပ်ကို တစ်ရာရင်းရင် ရလျက်သားနဲ့  ငါးရာ ရင်းခိုင်းလိုက်တဲ့ သဘောပဲ။ ဒါပေမယ့် အတိုးကတော့ မနေဘူး။အကျိုးအမြတ်ထက် အတိုးက များလို့ တိုင်းပြည်တွေ မထူထောင်နိုင်အောင် လိမ်ပြီးသတ်တ့သဘောလို့  အကြမ်းဖျင်းပြောလို့ ရပါတယ်။အဲဒီလို လိမ်ချက်က တော့ အတော်ပြောင်မြောက်တယ်။ စီအိုင်အေလို ထောက်လှမ်းရေးမျိုးရယ်၊ ကမ္ဘာ့ ဘဏ်လို ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကြီးတွေရယ်၊ ကြားခံပညာရှင်အဖွဲ့ ရယ်၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးရယ်၊ ဆိုင်ရာ နိုင်ငံက ၀န်ကြီး၊ ၀န်လေးတွေရယ် ကျယ်ကျယ်ပြန့် ပြန့် ပေါင်းပြီးလိမ်ကြတာ။ စာအုပ်က ဖတ်ပြီး လက်ကမချချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ အရောင်းရအတွင်ကျယ်ဆုံး Best Seller လည်းဖြစ်ခဲ့တယ်။ အီရန်က ‘ ရှား’ ဘုရင်အကြောင်းလည်း အဲဒီစာအုပ်ထဲမှာပါတယ်။ အမေရိကန်က ‘ ရှား’ ဘုရင်ရဲ့ အဖေကိုဖြုတ်ပြီး ‘ ရှား’ ကို နန်းတင်ပေးတာ၊ ကွေ့ ကောက်လှည့်ပတ်ပြီး ဘောလုံးကစားသလို နောက်ဆုံး ‘ ဂိုး’ ‘ သွင်းတာ ဖတ်လို့ အတော်ကောင်းတယ်။ ပနားမားတို့ အီကွေဒေါတို့ ၊ ဆော်ဒီအာရေးဗျတို့ လည်း ပါတယ်။ နောက်ဆုံး အီရတ်ကို စစ်ခင်းတာ၊ အာဖဂန်နစတန်ကို စစ်ခင်းတာတွေကအစ ပါတယ်။ အဲဒီလုပ်ရပ်တွေကျတော့ မဟာဗျူဟာသိပ်ကျလို့ ရှုပ်ရှုပ်ထွေးထွေးနဲ့ စစ်တုရင်တစ်ပွဲ ကစားနေရသလိုပါပဲ။ ခပ်ဝေးဝေးမြင်ပြီး ကစားနိုင်သူက နောက်ဆုံးအောင်ပွဲ ခံသွားတယ် ဆိုပါတော့။ နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ ကျွန်မပြုတော့ဘူး။ စီးပွားေ၇းအရ အမှီအခို ကြီးကြီးမားမားဖြစ်အောင်၊ အကြွေးပါအောင်လုပ်ပြီး စီးပွားရေးကိုလိုနီချဲ့ ပစ်တာ။ အဲဒီထဲမှာ ငွေလိမ်တာမျိုးရော၊ လူကိုလိမ်တာမျိုးရော၊ အာဏာကိုလိမ်တာမျိုးရော၊ နိုင်ငံရေးစနစ်ကို လိမ်တာမျိုးရော အကုန်ပါတယ်။ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ -နေဇင်လတ် ) ဆရာနေဇင်လတ်ရဲ့ သိဖို့ လား ရှိဖို့ လား စာအုပ်မှ

ဖြန့်ကြက်တွေးခေါ်တတ်ပါစေ

ဖြန့်ကြက်တွေးခေါ်တတ်ပါစေ
မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)
တွမ်လော့ခ်ဒွန်သည် ထွင်းဖောက်တွေးခြင်း (Breaking Through) ဟုအမည်ပေးထားသောစာအုပ်တစ်အုပ်ကို ရေးသားခဲ့သူဖြစ်သည်။ ထိုစာအုပ်သည် ပြဿနာများကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့်ဖြေရှင်းနည်းကို ဆန်းစစ်ထားသောစာအုပ်ဖြစ်သည်။
သူသည် ထိုစာအုပ်ထဲတွင် ဆန်ဖရန်စစ္စကိုဟိုတယ်တစ်ခု၏ မန်နေဂျာအဖြစ်ဆောင်ရွက်ရန် ခန့်ထားခြင်းခံရသော လူငယ်တစ်ဦးအကြောင်းဖော်ပြခဲ့သည်။
ထိုလူငယ်အရာရှိအနေဖြင့် ပထမဦးဆုံးရင်ဆိုင်ဖြေရှင်းရသောပြဿနာမှာ ဟိုတယ်ဓာတ်လှေကားနှင့်ပတ်သက်သောပြဿနာဖြစ်သည်။ ဓာတ်လှေကားမှာအလွန်နှေးကွေးသောကြောင့် တည်းခိုသူများ၏အပြစ်တင်ပြောဆိုမှုကို အမြဲမပြတ်ခံနေရသည်။ ဓာတ်လှေကားနှင့် အတက်အဆင်းအဆင်မပြေလှသောကြောင့် ဧည့်သည်များသည် အောက်ထပ်ရှိအခန်းများကိုသာ စုပြုံငှားရမ်းခဲ့ကြသည်။ သို့သော် ဓာတ်လှေကားပြုပြင်တပ်ဆင်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာနှစ်သိန်းခန့်ကုန်ကျမည်ဖြစ်၍ ထိုကိစ္စကိုလည်းမစဉ်းစားနိုင်ခဲ့ချေ။
နောက်ဆုံးတွင် ထိုအရာရှိလေးသည် ကောင်းမွန်သောစိတ်ကူးသစ်တစ်ခုရရှိခဲ့သည်။ ဓာတ်လှေကားနှေးသည်ဟု အဓိကပြဿနာတက်ရသောအကြောင်းတရားမှာ ငြီးငွေ့မှုပင်ဖြစ်သည်ဟု သူကောက်ချက်ချလိုက်သည်။ ဓာတ်လှေကားတံခါးများနှင့် ဗြောင်နံရံကြီးကိုသာငေးရန်ရှိသောကြောင့် ဧည့်သည်များ ငြီးငွေ့စိတ်ဝင်နေခဲ့ခြင်းဖြစ်သည်။ လူတို့သည် ငြီးငွေ့လာလျှင် အပြစ်မြင်မြည်တွန်တောက်တီးမှုပြုလုပ်တတ်သည်။
ထို့ကြောင့် ဓာတ်လှေကားကိုအရှိန်မမြှင့်ဘဲ နံရံပြည့်မှန်ချပ်များကို ဓာတ်လှေကားအတွင်းဘက်နှင့် ဓာတ်လှေကားအထပ်တိုင်းတွင်တပ်ဆင်လိုက်သည်။ ထိုသို့မှန်ချပ်များတပ်ဆင်ခြင်းကြောင့် ဒေါ်လာလေးထောင်ခန့်သာ ကုန်ကျခဲ့သည်။ ယခုဓာတ်လှေကားစီးနေခိုက်တွင် သူတို့၏ပုံရိပ်များကိုကြည့်နေခွင့်ရနေသောကြောင့် ဓာတ်လှေကားကြာသည့်ကိစ္စကို ငြီးငွေ့မှုမပြုတော့ချေ။ ဤသို့ဖြင့် ဓာတ်လှေကားအသစ်မတပ်ဆင်ရသောကြောင့် ဟိုတယ်အနေဖြင့် ဒေါ်လာ၁၉၆ဝဝဝ သက်သာသွား ခဲ့သည်။
ဤသို့တွေးခေါ်ကြံဆမှုမျိုးကို အက်ဒ်ဝပ်ဒီဘိုနို (Edwarede Bono) ကဖြန့်ကြက်တွေးခေါ်ခြင်းဟုဆိုသည်။
ယင်းသည် ပြဿနာကို တစ်မူကွဲပြားထူးခြားသောနည်းလမ်းဖြင့် ရှုမြင်သုံးသပ်ခြင်းပင်ဖြစ်သည်။ ပြဿနာတစ်ရပ်ကိုပြန်လည်ပုံဖော်ပြီး ပြန်လည်အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် စီးပွားရေးကဏ္ဍတွင် ဖန်တီးမှုသဘာဝကိုအကောင်အထည်ဖော်နိုင်သော နည်းလမ်းပေါင်းများစွာမှ တစ်နည်းတစ်လမ်းပင်ဖြစ်သည်။ ကုမ္ပဏီအတော်များများသည် ထိုကဲ့သို့သော ဖန်တီးမှုနည်းဗျူဟာများအား ၎င်းတို့ရှင်သန်နေရေးအတွက် ပဓာနကျသောနည်းစနစ်များဟု မြင်စပြုနေကြသည်။
ဥပမာ-3M ကုမ္ပဏီကြီးတွင် ဝန်ထမ်းများသည် ယင်းတို့အချိန်၏၁၅ရာခိုင်နှုန်းခန့်ကို စိတ်ကူးစိတ်သန်းအသစ်များထုတ်လုပ်မှုအပေါ် အချိန်ကုန်ခံခဲ့ကြသည်။ မန်နေဂျာတိုင်း၏ကုန်ပစ္စည်းစာရင်းပါ ကုန်ပစ္စည်း၂၅ရာခိုင်နှုန်းသည် သက်တမ်းငါးနှစ်မျှပင်မရှိသေးသော ကုန်ပစ္စည်းများဖြစ်ကြသည်။ Hewlett Packard ကုမ္ပဏီမှ ၁၉၉၂ခုနှစ်တွင် လက်ခံရရှိသောပစ္စည်းအမှာစာထက်ဝက်မှာ ထိုကာလမတိုင်မီ နှစ်နှစ်ကာလအတွင်းကပစ္စည်းများကို မှာယူသောအော်ဒါများဖြစ်ခဲ့သည်။ Glaxo, ICL နှင့် Smithk Ling Beecham ကုမ္ပဏီတို့တွင်လည်း အလားတူဇာတ်လမ်းမျိုးဖြစ်နေသည်။ ကွန်ပျူတာနှင့်ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကဲ့သို့ သုတေသနအားပြုသော စက်မှုလုပ်ငန်းများတွင် ကြံဆတီထွင်မှုက ဈေးကွက်ခေါင်းဆောင်များဖြစ်ထွန်းစေသည်မှာ တိုက်ဆိုင်မှုတစ်ရပ်မဟုတ်ချေ။ စီမံခန့်ခွဲရေးနည်းဗျူဟာဂုရုတစ်ဦးဖြစ်သော တွမ်ပီတာစ် (Tom Peters) သည် မျက်မှောက်ခေတ်ကာလတွင် ကုမ္ပဏီ၏ဓလေ့ထုံးစံတစ်ခုလုံး ဖန်တီးမှုစွမ်းရည်ပြည့်ဝစေရေးကိုဆော်ဩနေသည်။ သို့သော် မွမ်းမံပြုပြင်မှုမရှိလျှင် ဖန်တီးမှုသည် အသုံးမကျဖြစ်တတ်သည်။ထိုသဘာဝနှစ်ခုကို ရောထွေးမမြင်သင့်ချေ။
Crane Field စီမံခန့်ခွဲရေးကျောင်းတွင် ဖန်တီးမှုစွမ်းရည်သင် တန်းများပို့ချနေသော အသင်းအဖွဲ့များ၏အဆိုအရ ဖန်တီးမှုစွမ်းရည်သည် စိတ်ကူးစိတ်သန်းများကိုအကဲဖြတ်ခြင်းနှင့်မဆိုင်ဘဲ ထုတ်လုပ်ခြင်းတွင်သာ အဓိကပတ်သက်သည်။ တီထွင်ကြံဆမှု သို့မဟုတ် ပြုပြင်မွမ်းမံမှုထားဖို့ စိတ်ကူးစိတ်သန်းများကို စီးပွားဖြစ်အောင် အောင်မြင်စွာအကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည်။ စိတ်ကူးစိတ်သန်း၊ အကြံဉာဏ်စုပေါင်းထုတ်လုပ်ကြသောအခါတွင် စိတ်ကူးစိတ်သန်းအကြံဉာဏ် ပီပြင်စွာအကောင်အထည်မပေါ်မီ ယင်းစိတ်ကူးစိတ်သန်းအကြံဉာဏ်တို့ကို ဝေဖန်ပုတ်ခတ်မှုမပြုသင့်ချေ။ ယင်းသို့ပြုလျှင် အကျိုးကိုတန်ပြန်လိုက်လျောရာရောက်ပေသည်။ စိတ်ကူးကောင်းကို စီးပွားဖြစ်တင်ပြလာသည့် တီထွင်ကြံဆမှုအဆင့်မှာသာလျှင် အကဲဖြတ်မှုပြုရသည်။
အထက်ပါအချက်ကိုကြည့်လျှင် သင်သည် ဖန်တီးမှုနှင့်တီထွင်ကြံဆမှုကို တစ်ပြိုင်တည်းမပြုနိုင်ဟု ကောက်ချက်ချရမည်။ အဘယ့်ကြောင့်ဆိုသော် အရာဝတ္ထုတစ်ခုကို ရှာဖွေတွေ့ရှိခြင်းကတစ်ဘာသာဖြစ်သည်။
ယင်းကို အကျိုးသင့်အကြောင်းသင့်အမြတ်ထုတ်ခြင်းက တစ်ဘာသာဖြစ်သည်။ Xerox သုတေသနဌာနသည် ယင်းတို့ရှာဖွေတွေ့ရှိသည့် ပီစီကွန်ပျူတာများအသုံးပြုရာတွင် လွယ်ကူစေသည့်နည်းစနစ်ကို Apple Macintosh က ပုံတူကူးချလိုက်သောအခါတွင် ထိုအချက်ကို နစ်နစ်နာနာသိလိုက်ရသည်။ Apple သည် Xerox မှ ယင်းတို့ငှားလိုက်သော အလွန်တရာအောင်မြင်သည့် Desktop စနစ်ဖြင့် ဈေးကွက်ကိုဆယ်နှစ်တာကာလနီးပါး ဦးဆောင်နိုင်ခဲ့သည်။
သို့သော် Apple သည် မူပိုင်ခွင့်ယူထားလောက်အောင် အမြော်အမြင်ကြီးခဲ့သည်။ Xerox ကမူ ထိုသို့အမြော်အမြင်မရှိခဲ့ချေ။ မူပိုင်စွမ်းရည်မည်သည် မိမိအရင်းအမြစ်ကိုသိုဝှက်နည်းအတတ်ပညာပင်ဖြစ်ပုံရပြီး ကုမ္ပဏီအတော်များများသည် အခွင့်အရေးတစ်ခုလက်မလွတ်ရသေးချိန်အထိ အခွင့်အရေးအဖြစ်မမြင်တတ်ချေ။
Ref: The Lateral Thinker by Mark Powell
အခွင့်အလမ်းဂျာနယ်မှ